တနင်္သာရီ ဧပြီလ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့ ဆလုံသာသနာပြု-ဂျလန်း ကျွန်းကျောင်းတိုက်အတွင်း ဧပြီလ ၈ရက်နေ့ နံနက် ၉နာရီအချိန်မှစ၍ ယဉ်ကျေးလိမ္မာသင်တန်း အောင်လက်မှတ်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဒကာ/ဒကာမများ၊ စေတနာရှင်အလှူရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆလုံသာသနာပြု-ဂျလန်းကျွန်းကျောင်းတိုက် ဦးစီးပဓာန သာသနဓဇဓမ္မာစရိယ၊ BA(Hons), MA(Buddhism)၊ သာသန တက္ကသီလ မဟာဓမ္စရိယ ဆရာတော်အရှင်ကောဝိဒဓဇက လူပရိတ်သတ်အပေါင်းအား ငါးပါးသီလချီးမြှင့် ပေးတော်မူပြီး၊ ပညာပြည့်ဝနှလုံလှဖို့ ဓမ္မအမွေပေးကြစို့ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ရခြင်းအား ဩဝါဒတရားချီးမြှင့်ပေးတော်မူသည်။
ထို့နောက် အဆိုပါယဉ်ကျေးလိမ္မာသင်တန်း၌စာသင်ကြားပေးကြသော သီလရှင်ဆရာကြီး၊ ဆရာမများနှင့်ဝေယျာဝစ္စအသီးသီးဆောင်ရွက်ပေးကြသည့် လူမှုရေးအသင်းအဖွဲ့များ၊ ကာလသား/ သမီးများအား ဆရာတော်မှ ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေး၍ သင်တန်းကာလ(၂၅-၃-၂၀၂၂နေ့မှ ၆-၄-၂၀၂၂)အထိ တက်ရောက်သင်ကြားပြီး စာမေးပွဲဖြေဆိုအောင်မြင်ကြသော သင်တန်းသားကျောင်းသူ/သား(၃၅၀)ဦးတို့ထံ စာအောင်လက်မှတ်များကို ဆလုံသာသနာပြု ဂျလန်းကျွန်းကျောင်းတိုက် ဦးစီးပဓာန ဆရာတော်နှင့် တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဒကာ ဦးမင်းဦးနှင့် ဥပထမ္ဘကအဖွဲ့ ဥက္ကဌ ဦးဘဟုန်တို့က ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားပြီးနောက် သင်တန်းကာလအတွင်း ပညာဒါန၊ အာဟာရဒါနနှင့် ကာယဒါနစသည့် လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို သာဓုခေါ်ဆိုကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)