ဝေါ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ၊ အားကစားနည်းသင်တန်းများတွင် ဆုရသင်တန်းသားများနှင့် အတိုးတက်ဆုံး သင်တန်းသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပေးပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဦးအောင်လင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတင် တင်းနစ်စသည့် အခြေခံအားကစားနည်း များကို (၂၅.၃.၂၀၂၂)မှ (၆.၄.၂၀၂၂)ရက်နေ့အထိ အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
စိုးမိုး