အုတ်ဖို ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အညာတန်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံ တောင်သူများထံ အရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦး ချင်းစီ၏ ဝင်ငွေတိုးတက် မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် အတူ လာရောက်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများ အနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အတန်းတူ လယ်ယာစနစ် နေကြာသီးညှပ် စိုက်ပျိုးရေး အကြောင်းတို့အားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အယ်လစ်စဘတ်ဝင်းရှိန်က သဘာ ဝမြေဩဇာများ ရရှိရန် ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်မွေးမြူဖို့ လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာလိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်းအသိပညာပေးဟောပြောပြီး၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လယ်ယာမြေအဆင့်မြှင့်တင်ရေး၊ လယ်ယာသုံးစက်ကရိယာများ ထုတ်ယူအသုံးပြုမှုများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက်ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ(၁၀)ရွာအထိ အသိပညာပေးဟောပြောသွားမည်ဖြစ်ပြီး ယခုလ အတွက် ကျေးရွာ(၅)ရွာအထိ ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အောင်သူ