စစ်ကိုင်း ဧပြီ ၈
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှကြီးမှူး၍ ဆင်တပ်ကျေးရွာရှိ မိုးသီးနှံစိုက် တောင်သူများ မိုးသီးနှံများတွင် အသုံးပြုနိုင်ရန် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် ပြသပေးခဲ့ကြောင်း သိရသည်။
လက်တွေ့ပြသခြင်းသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက ၂၀၂၂ ခုနှစ်၊ မိုးရာသီ မိုးသီးနှံများအတွက် အသုံးပြုနိုင်ရန် သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများက စပါးခွံပေါင်းခံရည် လက်တွေ့ပြသပေး သွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် လက်တွေ့ပြုလုပ် သုံးစွဲပါက ဈေးနှုန်းသက်သာပြီး အပင်များကိုအားပေးကာ မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးများအဖြစ် အသုံးပြုနိုင်ကြောင်း၊ စိတ်ဝင်စားစွာကြည့်ရှုကြ၍ မိမိတို့ သိရှိလိုသည်များကိုလည်း မေးမြန်းဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ခံများက လက်တွေ့ပြသပေးခဲ့ကြသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်ရှိ တောင်သူများအား ရာသီအလိုက် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းရရှိစေရန် သက်ဆိုင်ရာတိုက်နယ် နည်းပညာပြန့်ပွားရေး စင်တာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေး ထားကြောင်းလည်း သိရသည်။
ဇော်မြင့်နိုင်