မေတ္တာ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် တောင်သုံးလုံးကျေးရွာ၊ ကျောက်မဲတောင်ကျေးရွာများအတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းဦးဆောင်သောအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများထိလှည့်လည် ၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း (mask) များ တပ်ဆင်ပြီးမှသွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ရခိုင်ပြည် နယ်နှင့် အခြားပြည်ပနိုင်ငံများမှ မိမိတို့ရပ်ကွက်အတွင်း ရောက်ရှိလာသူများရှိပါက ပြည်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံးပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နန်းခလိုက် မေတ္တာ(ပြန်/ဆက်)