ကလိန်အောင် ဧပြီ ၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ "လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီခွဲအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က မူးယစ်ဆေးဝါးသည် တစ်ဦးတစ်ယောက် ကိုသာ ထိခိုက်စေသည်မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကိုပါ ပျက်စီးစေနိုင်သည့်အတွက် လူငယ် များရှောင်ရှားကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကြရန်နှင့် လူငယ်များကောင်းသော ဘဝရည်မှန်းချက်ပန်းတိုင်ရှိစေရန်၊ လူငယ်များအားလပ်ချိန်တိုင်း စာကောင်းပေမွန်များဖတ်ရှုကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများအသင်း ဝင်ဒေါ်မိုးမိုးအေးက "ရှောင်လေ ဝေးဝေး" မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊(Youth Club)အသင်းဝင် ဦးစိုင်းသိင်္ခအောင်က "တန်ဖိုးရှိလှလူငယ်ဘဝမူးယစ်ကင်းစင်ကျန်းမာမှ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဇင်လှိုင်ဝေက"မူးယစ်အန္တရာယ်ပြည့်ရန်စွယ်ကာကွယ်တိုက်ဖျက်လက်ချင်းယှက်" ခေါင်းစဉ်ဖြင့် လည်း ကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို ဖွဲ့စည်းထားသော Clubအဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)