ကော့ကရိတ် ဧပြီ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ ပါရဂူ)ရေးသားသည့် ကျောင်းနှင့်ဘဝ ဆက်စပ်ပြင်ဆင်ကြစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က စာဖတ် ပရိသတ် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် မဆုသက်ဝေက ကျောင်းနှင့်ဘဝ ဆက်စပ်ပြင်ဆင်ကြဆိုတဲ့ခေါင်းစဥ်အတိုင်း ကျောင်းမှာ သင်ယူတာ၊ သင်ကြားရတာဟာ ဘဝတစ်ခု လုံးအတွက် လိုအပ်တာကို အစားထိုးလို့ရမှာမဟုတ်ပါဘူး၊ ဒါကြောင့် လက်တွေ့ဘဝအတွက် လိုအပ်ပြီး လက်တွေ့ဘဝနဲ့ ဆီလျော်တဲ့ သိမှုဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးမယ်၊ ဝေဖန် ပိုင်းခြားစဉ်စားတာတွေ၊ ဆန်းသစ်တီထွင် စဥ်းစားမှုတွေကို ပူးပေါင်းပြီးတော့ ဖြေရှင်းမှုစတဲ့ ကျွမ်းကျင်မှုတွေ၊ ကျောင်းနဲ့လုပ်ငန်းခွင် လိုအပ်ချက်၊ ဘဝလိုအပ်ချက်တွေကို ဆက်စပ်ပြီး တံတား ထိုးပေးမယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေကို အနာဂတ်မှာ ကြုံရမဲ့ အလုပ်ခွင်နဲ့ ဘဝလို အပ်ချက်တွေကို ပိုကောင်းအောင် ပြင်ဆင်ပေးနိုင်မှာဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များမှ ဆွေးနွေးသွားသည့်အပေါ် မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)