ပေါင်းတည် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့က ဘုရားငါးဆူအုပ်စု၊ အုန်းသုံးပင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဦးဆောင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှု မြင့်မားရေးအတွက် တောင်သူများ သိထားသင့်သည့်ဒေသနှင့် ကိုက်ညီမည့်သီးနှံများ ရာသီအလိုက် ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ် နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့မွေးမြူနိုင်ရန် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးဝါးကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက်အသီးသီး ပညာပေးဆွေးနွေးပြောကြားရာ ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်မေးမြန်းမှုကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါ ပညာပေးဆွေးနွေးပွဲများကို တစ်လလျှင်(၁၀) ရွာ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)