မိုးညိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးညှိနှိုင်း ဆွေးနွေး

မိုးညို ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ  စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက ဗဟိုမဏ္ဍပ် တည်ဆောက်မည့် အစီအစဉ်၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များ စီစဉ်နိုင်ရေး၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ဒေသခံ ပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွဲနိုင်ရေးစသည့် ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)