ပိုင်ကျုံ ဧပြီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်း ချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့တိုက်နယ် ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ မြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ခဲ့ရာ ၂၀၂၂ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း လူဦးရေ (၁၄၅၂၆) ဦးရှိပြီး ကာကွယ်ဆေး ထိုးရန်ကျန်ရှိ နေသေးသည့် ဒေသခံ ပြည်သူများ၊ ရပ်ဝေး ရွာဝေးမှ ပြည်သူများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများမှ မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)