စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နေကြာ မိုးကြိုဝါမျိုးစေ့များ ပေးအပ်ပွဲနှင့် နေကြာ စိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

မုံရွာ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေကြာ မိုးကြိုဝါ မျိုးစေ့များပေးအပ်ပွဲနှင့်  နေကြာစိုက်ပျိုး ထုတ်လုပ်မှုပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က ‘‘စစ်ကိုင်းတိုင်းဒေသကြီး ဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းကြီးဖြစ်ပြီး ဒေသတွင်း ဆန်ဖူလုံမှုမှာ ပျမ်းမျှ(၂၀၀)ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ပျမ်းမျှ(၅၀၈)ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ပျမ်းမျှ(၁၀၀၀)ရာခိုင်နှုန်း ရှိတဲ့အတွက် စိုက်ပျိုးရေးအားကောင်းတဲ့ ဒေသကြီးတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးရဲ့ (၃၀)ရာခိုင်နှုန်း ကျော်ဟာ စိုက်ပျိုးရေးအပေါ် မှီခိုနေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စုစုပေါင်းမြေ ဧရိယာဧက(၂၃၁)သိန်းကျော်ရှိတဲ့အနက် အသားတင် စိုက်ပျိုးမြေ(၄၅.၆)သိန်းကျော်ရှိပြီး သီးထပ်သီးညှပ်ဧက သိန်း(၉၀)ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ မိုးနေကြာ(၄၁၄၂၆)ဧကနှင့် ဆောင်းနေကြာ(၃၅၁၇၇၃)ဧက၊ စုစုပေါင်း (၃၉၃၁၉၉)ဧက စိုက်ပျိုး ထုတ်လုပ် သွားမှာဖြစ်ကြောင်း၊ ထို့အပြင် စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ဝါမျိုးစုံကိုလည်း နှစ်စဉ်ဧက (၇၉၀၀၀)ကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဝါမျိုးစုံ စိုက်ဧက (၈၁၈၀၀)ဧက လျာထား စိုက်ပျိုးသွာမှာဖြစ်ပြီး ပိဿာပေါင်း(၃၅၇)သိန်းကျော် ရရှိရေး လျာထားစိုက်ပျိုးမှာ ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ နေကြာသီးနှံနဲ့ ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံ မျိုးကောင်းမျိုးသန့်များကို တောင်သူများ လွယ်ကူစွာ စိုက်ပျိုးရာသီအမှီ စိုက်ပျိုးသွာနိုင်ရန်အတွက် ယခုလို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်၍  တောင်သူများအနေနဲ့လည်း စိုက်ပျိုးဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့်အညီ လိုက်နာကျင့်သုံးပြီး သီးနှံမျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးကြခြင်းအားဖြင့် သီးနှံများ အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း  ပြောကြားခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက  တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်ရေး ကော်မတီများ၊ စိုက်ပျိုးရေး ပညာရှင်များနှင့်  တောင်သူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆီထွက်နေကြာ စိုက်ပျိုးထုတ်လုပ်မှုအတွက် ဝိုင်းဝန်း ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်နေကြာ စိုက်ဧက(၃၉၀၀၀၀)ကျော်  ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့်  တောင်သူများ မှလည်း ဆီထွက်နေကြာ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်မှု အခြေအနေများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေနွေး ပြောကြားခဲ့သည်။

ထို့နောက် နေကြာ မိုးကြိုဝါ မျိုးစေ့များပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ   စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့သည် မုံရွာမြို့နယ် မရိုးတော၊ ဖန်းခါးကျင်း၊ အောက်စိမ့်တော၊ တောင်ပုလု ကျေးရွာများမှ မိုးနေကြာ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် ဧက(၁၀၀)အတွက် တောင်သူ(၂၀)ဦးအား နေကြာမျိုးစေ့များနှင့် ယူရီးယား  မြေဩဇာ အိတ်များကို လည်းကောင်း၊ မုံရွာမြို့နယ်   ကျေးရွာအုပ်စု (၇)အုပ်စုမှ မိုးကြို ချည်မျှည်ရှည်ဝါ(၄၀)ဧက စိုက်ပျိုးမည့် တောင်သူ(၁၁)ဦးအား ရွှေတောင်(၈) ဝါမျိုးစေ့များကို လည်းကောင်း၊ ချောင်းဦးမြို့နယ် မိုးနေကြာ မိုးနေကြာ မျိုးစေ့ထုတ်(၂၀)ဧက စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအတွက် ရေဆင်း-၁ စပ်မျိုးနေကြာ(၂၀)ထုတ်အား လည်းကောင်း၊ မုံရွာမြို့နယ် မရိုးတော၊ ဖန်းခါးကျင်း၊ အောက်စိမ့်တော၊ တောင်ပုလု ကျေးရွာများမှ မိုးနေကြာ ဆင်းရွှေကြာ-၂  မျိုးစေ့ထုတ်ဧက (၁၀၀)အတွက် တောင်သူ(၂၀)ဦးအား Gypsium မြေဩဇာအိတ်များကို လည်းကောင်း၊ အရာတော်မြို့နယ်၊ ဘဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ  မိုးနေကြာ မျိုးစေ့ထုတ်ဧက(၂၀)စီ စိုက်ပျိုးမည့် တောင်သူများအတွက် ရေဆင်း-၁စပ်မျိုးနေကြာ မျိုးစေ့(၂၀)ထုတ်စီအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသော ဒေသခံ တောင်သူများက  စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် နေကြာမျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးအတွက် ရေဆင်းစပ်မျိုးနေကြာ(၁)၊ ဆင်းရွှေကြာ (၂)၊ အထွက်ကောင်းမျိုး(OPV)ဆန်ဖိုလာ၊  ဒေသမျိုး(၂)၊ နေကြာဖတ်၊ နေကြာမှ ထွက်ရှိလာသော နေကြာဆီများ၊ နေကြာစိုက်ခင်းတွင် ဝတ်မှုံကူးရန် လိုအပ်သော ပျားမွေးမြူရေး လုပ်ငန်းများတွင် ပျားမှထွက်ရှိလာသော ပစ္စည်းများ၊ နေကြာဆီသန့်ဖြင့် အစားအစာ မျိုးစုံကြော်လှော်မှုများနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော စက်ကိရိယာများနှင့် ပစ္စည်းများစုံလင်စွာ ခင်းကျင်းပြသ ထားသော နေကြာစိုက်ပျိုး ထုတ်လုပ်မှု ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)