ရွှေဘိုမြို့၌သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ရက်တိုသင်တန်းဖွင့်လှစ်

ရွှေဘို ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ နေ့ကလေးထိန်းကျောင်း၊ ဘက်စုံခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ရက်တိုသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က မိမိတို့ဌာနအနေဖြင့် လူများမွေးကင်းစမှ အသက်အိုမင်းသည်အထိ ကူညီဆောင်ရွက် ပေးနေသော ဌာနဖြစ်ကြောင်း ကလေးများသာမက သက်ကြီးရွယ်များ ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီလျက်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက် သက်ကြီးရွယ်အို များဆိုင်ရာ ဥပဒေပါ အခန်း ၁၇ ခန်းကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးပရဟိတ အသင်းများမှ ကိုယ်စားလှယ်များ၊ မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းရုံး ဝန်ထမ်းများ စုစုပေါင်း ၄၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)