သာယာဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်

သာယာဝတီ ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ယနေ့ မွန်းလွှဲ ၁ နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (က.ည.န) ရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်လွင်ဦးက လိုင်စင်လာရောက် ပြုလုပ်သူပြည်သူများအား မိမိတို့အိမ်အတွင်း ချက်ပြုတ် နေစဉ်ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ မိမိတို့နေအိမ်အတွင်း တပ်ဆင် အသုံးပြုလျက် ရှိသည့် လျှပ်စစ်မီးကြိုးများ ဆိုင်ရာသိကောင်းစရာများ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ် ကာလအတွင်း သတိထားရမည့်အချက်များ၊ ရုံးမီးစက် အသုံးပြုမှုကို စနစ်တကျ ရှိစေရန်နှင့်  လျှပ်စစ်မီးကို စနစ်တကျအသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊ မီးခလတ်များအား၊ အသစ်လဲလှယ်အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း၊  အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊  မီးသတ်ဆေးဗူးများနှင့် ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေး ဆိုင်းဘုတ်များအား ချိတ်ဆွဲခြင်း၊  မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များ ထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် အသိပညာပေးခြင်းများ ကိုအကြံပြု မှာကြားခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)