မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦတင့်လွင် မင်းဘူး(စကု)မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု

မကွေး ဧပြီ ၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါကာ မင်းဘူး (စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး တောင်သူ ဦးဇေယျာမင်းနှင့် ဒေါ်မူတို့၏  ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား မေးမြန်းကာ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍  ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဖြူကျေးရွာရှိ ဦးဝင်းကို၏ ကြက်မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ကြက်များ မွေးမြူထားရှိမှု အခြေအနေနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား မေးမြန်းကာ တာဝန်ရှိသူများ၏ ရှင်းတင်တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာတော် အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှုများအား ပြည်သူများသိရှိရန်နှင့် မကွေးတိုင်းဒေသကြီးကို ဆီအိုးကြီးဟူသော နာမည်နှင့် လိုက်အောင် ဆီအထွက်တိုးရေးအတွက် ပဲအမျိုးမျိုး စိုက်ပျိုးရာတွင် နေကြာအား သီးညှပ် စိုက်ပျိုးရေး တွန်းအားပေး ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒေသခံ တောင်သူများ အနေဖြင့် ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးကြဖို့၊  တစ်ဦးတစ်ယောက် လိုအပ်ချက်ထက် အများနှင့် သင့်ဆိုင်သော ကိစ္စရပ်များအား တတ်နိုင်သ၍ ကြိုးစားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ဆက်စပ်လုပ်ငန်းများနှင့် ပတ်က်၍ လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တောင်သူများ သီနှံစိုက်ပျိုးမှုများနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ပြီး၊  ဒေသခံတောင်သူများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍ လိုအပ်ချက်များနှင့် ပတ်သက်၍  တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများ၏ လူနေမှုဘဝမြင့်များရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုအောင်မြင်စေရေးဆိုင်ရာများအား မှာကြားကာ တင်ပြချက်များနှင့်  စပ်လျဉ်း၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မုန်တောင်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသားများ လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ