ကျွန်းစု ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကျေးရွာအတွင်း မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီအချိန်က မီးငြိမ်းသတ် ထော်လာဂျီယာဉ်တစ်စီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက မီးငြိမ်းသတ်ထော်လာဂျီယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်တို့က မီးငြိမ်းသတ်ထော်လာဂျီယာဉ်နှင့် ဆက်စပ် ပစ္စည်းများအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ပေးအပ်လှူဒါန်းရာတွင် ဂါလံ(၄၅၀)ဆန့် ရေတိုင်ကီနှင့် ရေစုတ်စက် ပူးတွဲပါသော ထော်လာဂျီယာဉ်တစ်စီးနှင့် ဆက်စပ်ပစ္စည်းများ(တန်ဖိုးငွေ သိန်း(၈၀)ကျပ်)အား ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စုအတွင်း မီးငြိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထိုနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးက ယာဉ်အသုံးပြုပုံ၊ ရေထည့်သွင်းပုံနှင့် မီးငြိမ်းသတ်ပုံများကို ၎င်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့သရုပ်ပြပေးခဲ့ ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)