ကရသူရိမြို့တွင် ကွမ်းသီးပင် ပျိုးထောင်ရောင်းချသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ

ကရသူရိ ဧပြီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေသော ခြံပိုင်ရှင်များသည် လာမည့် ဇွန်လဆန်းတွင် ပျိုးပင်များစတင်စိုက်ပျိုးကြရန်အတွက် ယခုအချိန်မှစ၍ ကွမ်းသီးပျိုးပင်များအား ဝယ်ယူစုဆောင်းလျက်ရှိရာ ပျိုးထောင်ရောင်းချသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးပျိုးပင်ရောင်းအားကောင်းမှုနှင့် ပတ်သတ်၍ ကွမ်းသီးပင်ပျိုးထောင်ရောင်းချသူ တစ်ဦးက“ဟုတ်ပါတယ် ဒီနှစ်ကျွန်တော်တို့မှာ ကွမ်းသီးပျိုးပင် တော်တော်များများရောင်းရတယ်။  ဇွန်လပိုင်းလောက်ဆို ခြံလုပ်သူတိုင်းက မိမိကြိုက်နှစ်သက်ရာ ပျိုးပင်တွေကိုစိုက်ပျိုးရတယ်လေ။ အဲတော့ ခုချိန်ကနေစပြီး ကြိုတင်စုဆောင်းဝယ်ယူနေကြတာဖြစ်တယ်။ အဲအချိန်မှဝယ်ရင် သိပ်ဝယ်လို မရတော့ဘူး။ ပိုပြီးဈေးမြှင့်တယ်။ ယခုဆို ကွမ်းသီးပျိုးပင်(၁)နှစ်သားနှင့် (၂)နှစ်သား တစ်ပင်ကို (၄၀၀)ကျပ်ထိရတယ်။ ခြံဧကများများစိုက်ပျိုးသူတွေက ကွမ်းသီးပျိုးပင်ကိုသီးသန့်ဝယ်ပြီး စိုက်ပျိုးကြ တာ။ ငွေအင်အားမတတ်နိုင်တဲ့သူတွေက ပျိုးပင်အညှောက်ကိုဘဲစိုက်ပျိုးကြတယ်။ ကောင်းတာက တော့ ပျိုးထောင်ပြီးသား  စိုက်ပျိုးရတာက ရှင်သန်းမှုပိုအားကောင်းတာပေါ့။ ဒီနှစ်ကစောစောဝယ် နေကြလို့ (၄၀၀)ကျပ်ရရှိပြီး ဇွန်လအတွင်း ဝယ်မည်ဆိုပါက (၅၀၀)ကျော်ထိရနိုင်ကြောင်း” ပျိုးထောင်ရောင်းချသူတစ်ဦးကပြောသည်။

ထို့အပြင် ကွမ်းသီးပျိုးပင်သာမဟုတ်ဘဲ တစ်ခြား ရာဘာ၊ ဒူးရင်း၊ ယူကလစ်၊ ကြက်မောက်၊ ဆီအုန်းစသည့်တို့ကိုပါ စိုက်ပျိုးလျက်ရှိကြပြီး ၎င်းပျိုးပင်တို့၏ ရောင်းအားသည်လည်း ဈေးကောင်းရရှိ နေကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)