မင်းဘူးခရိုင်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း ထုတ်ပြန်ကြေညာ

မင်းဘူး စက်တင်ဘာ  ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ဩဂုတ်လ ၃၀ ရက်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်း  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မင်းဘူးခရိုင်၌ နိုင်ငံရေးပါတီပေါင်း ၁၁ ခု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ၃၀  ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀  ဦး ၊ မဲဆန္ဒ နယ်အမှတ်(၁) တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ၂၈  ဦး၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး ကိုယ်စား လှယ်လောင်း ၂၈  ဦး  စုစုပေါင်း ၉၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မင်းဘူးခရိုင်၌  မဲဆန္ဒနယ် ၁၇ နယ်ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လေးခုတို့မှာ မဲဆန္ဒ နယ် ၁၇ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းသိရသည်။ မင်းဘူးခရိုင်တွင် မဲရုံပေါင်း (၇၄၆)ရုံရှိပြီး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅သိန်းခွဲခန့် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)