တိုင်းဒေသကြီးနှင့်ပြည်နယ် (ဗဟို) အဆင့် Exercise is Medicine လှုပ်ရှားဆောင်ရွက်မှု အတက်ကြွဆုံး လှုပ်ရှားဆောင်ရွက်သည့်ခရိုင်အဆင့်“ ပထမ”ဆု မြိတ်ခရိုင်ရရှိ

မြိတ် စက်တင်ဘာ ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်ချီးမြင့်သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(ဗဟို)အဆင့် Exercise is Medicine လှုပ်ရှားဆောင်ရွက်မှုတွင် အတက်ကြွဆုံးလှုပ်ရှား ဆောင်ရွက်သည့် ခရိုင်အဆင့်ပထမဆုကို မြိတ်ခရိုင်မှရရှိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်(ဗဟို)အဆင့် Exercise is Medicine လှုပ်ရှားဆောင်ရွက်မှုတွင် အတက်ကြွဆုံးလှုပ်ရှားဆောင်ရွက်သည့် ခရိုင်အဆင့် ပထမဆုရရှိအောင်  ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား မြိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီက မြိတ်ခရိုင် အားကစားခန်းမတွင်  ဂုဏ်ပြုခဲ့သည်။

Exercise is Medicine လှုပ်ရှားဆောင်ရွက်မှုတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြိတ်တက္ကသိုလ်၊ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များမှ စုစုပေါင်း (၂၈) ဦးကို ဂုဏ်ပြုအထိမ်းအမှတ်ပစ္စည်း၊ Trophy  နှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက Exercise is Medicine လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကူညီဆောင် ရွက်ခဲ့သူများအား ဂုဏ်ပြုခဲ့ကြသည်။ ထိုနောက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သူများကိုယ်စား ဆရာမ ဒေါ်ခင်ခင်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး  (မြိတ်၊ ပြန်/ဆက်)