နတ်မောက်မြို့တွင် မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

နတ်မောက်  ဧပြီ     ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရယ်အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် (၁) နာရီ အချိန်ခန့်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ မီးဘေးအန္တရယ်အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးဌာန ဒု-ဦးစီးမှူး ဦးရဲလင်းနောင်က ယခုကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်မီးကတ်၊ သဲအိတ်၊ ရေအိတ်များ ချိတ်ဆွဲထားရန် လိုအပ်ပုံနှင့်အသုံးပြုပုံများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ ချက်ပြုတ်နေစဉ် ဆီကြော်အိုးများ မီးလောင်ပါက ဆောင်ရွက်သင့်သည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာ ရမည့်အချက်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မြို့နယ် မီးသတ်စခန်းခွဲ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ယာဉ်စက်နှင့်ဝန်ထမ်း အင်အားအခြေအနေများ၊ နေ့စဉ်ဝန်ထမ်းများအား လေ့ကျင့်ပေးမှု အခြေအနေ များ အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့  မီးဘေးအန္တရယ်အသိပညာပေး Talk Show ပြုလုပ်ရခြင်းသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အတွက် ပြည်သူမျာအား မီးဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သတိပေးသည့် အနေဖြင့်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

လှဝင်း