တနင်္သာရီ စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စုအတွင်းမှ တမုတ်ချုန်းကျေးရွာနှင့် ကမ္မလိုင်းကျေးရွာရှိ ဒေသခံပြည်သူများကို ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပျံ့နံ့မှု ထိန်းချုပ်ကာကွယ်ယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်း အရာများအား ကျယ်ကျယ်ပျံ့ပျံ့ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာပေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ယင်းသို့ပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူပြာရွှေနှင့် အဖွဲ့ဝင်များ၊ မြို့ နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ခွဲမှူး အောင်ကျော်ကျော်နှင့်တပ်ဖွဲ့ဝင်များက ပူးပေါင်းလျက် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များနှင့် မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာများရှိ ဒေသခံပြည်သူများက ကျယ်ကျယ်ပျံ့ပျံ့သိရှိ၍ လိုက်နာနိုင်စေရန်ရည်ရွယ်ကာ မော်တော်ယာဉ်ဖြင့် ကျေးရွာအတွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် လှုံ့ဆော်ကြေညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်ကို အခမဲ့ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်ပါအချက်အလက်များကို ရှင်းလင်းအသိပေးခြင်းနှင့် အသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအတွင်း လူစည်ကားရာလမ်းဆုံနေရာ၌ ကပ်ထားကြေညာပေးခြင်း စသဖြင့်အသိပညာပေးလုပ်ငန်းများကို ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)