ကန်ကြီးထောင့်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကြက်တောင်၊‌ အေရိုးဗစ် စသည့် နွေရာသီ အခြေခံအားကစားသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသားနှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများကို ဆုလက်ဆောင်များ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းမှ သင်တန်းသားများက ပိုက်ကျော်ခြင်းနှင့် ကြက်တောင်အားကစားနည်းများကို သရုပ်ပြကစားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သရုပ်ပြကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ နွေရာသီ အခြေခံအားကစားသင်တန်းများကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၉၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)