ဘားအံ ဧပြီ ၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ် ရုံးသစ်ဖွင့် ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့ပတ် လမ်းပေါ်ရှိ အဆိုပါ ရုံးသစ်အဆောက်အဦ၌ ကျင်းပသည်။
ရုံးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့်ရုံးသစ်ကြီးသည် ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၏ ဌာနပိုင်မြေ ၇ ဒသမ ၆၇၇ ဧကပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ယခင်ရုံးဟောင်းမှာ ၁၉၇၄ ခုနှစ်ခန့်က ဘားအံငါးလုပ်ငန်းစခန်းအနေဖြင့် တည်ဆောက်ထား ခြင်းဖြစ်သည့်အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေ ၁၅၁ ဒသမ ၅ သန်းဖြင့် (၈၀ပေ x ၃၆ ပေ x ၂၂ ပေ) RC နှစ်ထပ်ရုံးသစ်ကို တင်ဒါအောင်ကုမ္ပဏီ ဖြစ်သော Royal 96 ကုမ္ပဏီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ အလားတူ အရှည် ၃၀၀ ပေ အကျယ် ၁၂ ပေ ထု ၆ လက်မ ရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ ၂၂၅၀ ပေရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း များ ကို ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၇၆ ဒသမ ၀၀ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ရုံးသစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများက ငါးလုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်များကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေး အားတက်သရော ပါဝင်ကြိုးပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမှိုင်းတို့က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငါးလုပ်ငန်းဦးစီးဌာန ကရင်ပြည်နယ်ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြကာ စုပေါင်းမှတ်တမ်းဓါတ်ပုံ များရိုက်ကူး၍ ရုံးသစ်အား လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တက်ရောက်ဆေးကုသမှုခံယူနေ သူများနှင့် တာဝန်ထမ်း ဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး၍ အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) အရိုးဆောင်၊ ဖျားနာ ဆောင်၊ ခွဲစိတ်ဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ သားဖွားမီးယပ်ဆောင်နှင့် ကျောက်ကပ်သန့်စင် ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော ဝေဒနာရှင် ၉၉ ဦးအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း ခံစားနေရသော ရောဂါဝေဒနာများ၊ ဆေးဝါးကုသမှု ဆောင်ရွက် ပေးထားသည့်အခြေအနေများနှင့် တိုးတက်ကောင်းမွန် လာသည့်အခြေအနေများအား မေးမြန်းရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဘရန်အောင်နှင့် အထူးကုဆရာဝန်ကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ် ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၂၂၆ ဦးအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ရှေ့၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော အုတ်စီရေ မြောင်းနှင့်လူသွားပလက်ဖောင်း ဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်းဆောက်လုပ်နိုင်ရေးမြေနေရာ တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)