ကဝ ဧပြီ ၇
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ (၃၁) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ကို ပဲခူးခရိုင်၊ ကဝမြို့နယ်မှ ကျောင်းသား / ကျောင်းသူများသည် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတို့တွင် ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ကျောင်းသား / ကျောင်းသူ များ အာဟာရဖြစ်စေရန် Royal-D အားဖြည့် အချိုရည်များ ဝေငှခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်း ကျောင်း (ကဝ) ၊ အခြေခံပညာ အထက်တန်းကျောင်း (အုန်းနှဲ)၊ အခြေခံပညာ အထက်တန်းကျောင်း (သက္ကလ) စသည့်စာစစ်ဌာန (၃) ခုတို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)