ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ငရုတ်ကောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ငရုတ်ကောင်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငရုတ်ကောင်း/ဂျော်ရန်ဂျီဆက်သွယ်သော ချောင်းဝတံတား စီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ပြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ပြီးနောက်ငရုတ်ကောင်းမြို့ (အ.ထ.က)စာစစ်ဌာနတွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက်အမှတ်(၁)ရပ်ကွက်၊ ဓမ္မိကာရုံကျောင်းတိုက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓမ္မိကာရုံကျောင်းတိုက် ဆရာတော်အား ဆွမ်း၊ ဆန်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ပြီးနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းက ချောင်းဝတံတားစီမံကိန်း ရှင်းလင်း ဆောင်တွင် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဌာနလုပ်ငန်းများ တိုးတက်အောင်မြင်ရေး ရှေးရှုပြီးကြိုးစားဆောင်ရွက်ကြရန် ပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများကို အားပေးစကားများ ပြောကြားခဲ့သည်။ ဆက်လက်ပြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ငရုတ်ကောင်းမြို့ရှိ ဒီရေတောများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)