မုံရွာ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ ရေပေးဝေရေးလုပ်ငန်းသစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၅)ရက်နေ့နံနက်ပိုင်းတွင် အဆိုပါရေပေးဝေရေး ရေစုကန်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်၍ လမ်း၊ တံတား၊ ရေပေးဝေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်လျှက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းဟာလည်း ခန္တီးမြိုက နေလူထု သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်မည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုလိုရေပေးဝေရေး လုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့အတွက် ခန္တီးမြို့ပေါ် အဓိကရပ်ကွက် (၂)ခုကို ရေလုံလောက်စွာ ဖြန်ဝေပေးနိုင်တော့မှာဖြစ်ပြီး ခန္တီးမြို့ လူထုတစ်ရပ် လုံး အကျိုးများစွာရှိသည့်အပြင် ဒေသတွင်းကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ ကိစ္စရပ်တွေမှာလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းနှင့် မြို့ရေပေးဝေ ရေးလုပ်ငန်းအားလည်း ရေရှည်တည်တံ့ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ခန္တီးမြို့၊ ရေပေးဝေရေးလုပ်ငန်းသစ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ခန္တီးမြို့၊ ဒေသခံတိုင်းရင်းသားများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနာက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးတို့က ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းသစ်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများအတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂါလံ(၁၅၀၀၀၀)ဆံ့ ရေလှောင်ကန်၊ 390 Watt Solar 420 Nos Array နှင့် Electrical Pump House၊ ဂါလံ (၅၀၀၀၀) ဆံ့ ရေစုကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ခန္တီးမြို့ပေါ်သို့ ရပ်ကွက်များရှိအိမ်များတွင် ၆ လက်မအချင်း ရေပိုက်လိုင်းများဖြင့် သောက်သုံး ရေရောက်ရှိမှု တို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းကို ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၁၈၈.၄) သန်းဖြင့် ဂါလံ (၅၀၀၀၀)ဆံ့ ကျောက်စီရေတားတမံ တည်ဆောက်ကာ ဂါလံ(၁.၅)သိန်းဆံ့ရေကန်မှ မြို့ဝင် ဆိုင်းဘုတ်အထိ ၆ လက်မအချင်း ပိုက်လိုင်းသွယ်တန်းပြီး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပြီး လုပ်ငန်း(၁၁)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြိ့၊ ခရိုင်/မြို့နယ် ဥပဒေရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ခန္တှီးမြို့နယ် ဥပဒေအရာရှိမှ ရုံးအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တာဝန် ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြပြီး ရုံးအဆောက်အဦသစ်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ခန္တီးခရိုင်/မြို့နယ် ဥပဒေရုံးအဆောက်အဦအား ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် တည်ဆောက်ပြီး အလျား(၉၆-ပေ)၊ အနံ(၃၆-ပေ) RC တစ်ထပ်အမျိုးအစားဖြစ်ပြီး ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၅)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ သာယာ ကုန်းကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နုတ်ဆက်စကား ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ခန္တီးမြို့၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဒေသခံကျောင်း၊ ကျောင်းသူများ တည်ငြိမ် အေးချမ်းစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းသို့ ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ခံအင်ဂျင်နီယာမှ ပင်မကျောင်းဆောင် အဆောက်အဦ တည်ဆောက်နေမှုများအား လိုက်လံ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လဟယ်မြို့၊ အစိုးရ နည်းပညာအထက်တန်းကျောင်း အလုပ်ရုံ (အလျား-၁၂၅ ပေ၊ အနံ- ၈၂ ပေ) Steel Structure (၁) ထပ် အဆောက်အဦ တည်ဆောက်နေမှုနှင့် (၄) ခန်းတွဲ၊ (၄) ထပ် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)