ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ထားဝယ်မြို့ အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမ များအား တွေ့ဆုံ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး ဆွေးနွေးမှာကြား

ထားဝယ် ဧပြီ ၆

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့သို့ရောက်ရှိပြီး ပညာရေး ဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အသီးသီးမှ ဆရာ/မများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဒီဂရီကောလိပ်သည် ဆရာ/မများ မွေးထုတ်ပေးသော ဌာနတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်းအရ(ပင်မ)လူဦးရေ ၄၆.၄၆၃ သန်းတွင် ၁၈.၁ သန်းသည် လုံးဝကျောင်းမ နေသည်ကိုတွေ့ရှိရပြီး ဘွဲ့ရသူဦးရေသည် ၃ သန်းရှိသည်ကိုတွေ့ရကြောင်း၊ ပညာရေးစနစ်အားမြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးသည် ပညာရေးဆက်စပ်နေသည်ကို အများပြည်သူက ယုံကြည်လက်ခံကြောင်း၊ ကျောင်းမနေ သောသူတစ်ဦး၏ စဉ်းစားတွေးခေါ်ဉာဏ်နှင့် ဘွဲ့ရပညာတတ်တစ်ဦး၏ စဉ်းစား တွေးခေါ်ဉာဏ်ကွာဟ ကြောင်း၊ ပညာရေးဒီဂရီ ကောလိပ် (၂၅) ကျောင်းရှိပြီး တစ်ကျောင်းလျှင်ဝင်ဆံ့အား ၄၀၀ မှ ၁၅၀၀ အကြားရှိကြောင်း၊ ဆရာ/ မများအနေဖြင့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ/မများစွာ လိုအပ်ကြောင်း၊ ယခင်နှစ်များက ပညာရေးဒီဂရီ ကောလိပ်အား တစ်နှစ်လျှင် (၁) ကြိမ်သာ ဖွင့်ခွင့်ပေးခဲ့ပြီး ယခုနှစ်တွင် (၂) ကြိမ် ဖွင့်ခွင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလ(၂၀) ရက်နေ့တွင် ပထမအသုတ်စဖွင့်မည်ဖြစ်ပြီး စက်တင်ဘာ၊ အောက်တိုဘာလတွင် ဒုတိယအသုတ် ဖွင့်လှစ်မည်ဖြစ် ကြောင်း၊  ယခုလိုဖွင့်ခွင့်ပေးခြင်းအားဖြင့် ဆရာ/မများ တက်ချင်သော BED ဘွဲ့၊ ပညာရေးဒီဂရီများ အသီးသီးရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ ရောက်ကြောင်း၊ ဆရာ/မ များအနေဖြင့် ဘာသာရပ်များ သင်ကြားပေးရန် အခက်အခဲ ရှိပါက တင်ပြပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းနှင့် ဘာသာရပ်အသီးသီးမှ ဆရာ/မ များက ကြုံတွေ့နေရသော အခက်အခဲများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်အဖွဲ့သည် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူဦးရေ စာရင်းများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အသီးသီးမှ ဆရာ/မများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကျောင်း၏ အခက်အခဲများ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

ရွှေပင်လယ် (ထားဝယ်)