ကဝမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်းများ ဆောင်ရွက်

ကဝ ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက်ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား  မျက်စိအားဆေး၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်အားဆေးတိုက်  ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းဝင်း(ပြန်/ဆက်)