သာယာဝတီ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဖြေဆိုရာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ် အားလုံးကို အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် စာစစ်ဌာန (၃)ခုရှိပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၅၄၀ ဦး စာရင်းပေးသွင်းထားပြီး ကျောင်းသား ၅၀၉ ဦး ဝင်ရောက်ဖြေဆိုကာ ၃၁ ဦးပျက်ကွက်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၅၆၀ ဦး စာရင်းပေးသွင်းထားပြီး ၅၂၄ ဦး ဝင်ရောက်ဖြေဆိုကာ ၃၆ ဦးပျက်ကွက်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (စံရွေး) စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၁၂၄ ဦး စာရင်းပေးသွင်းထားပြီး ၁၂၄ ဦး ဝင်ရောက် ဖြေဆိုကာ ၂ ဦးပျက်ကွက်ကြောင်း စုစုပေါင်း စာရင်းပေးသွင်း ထားသည့် ကျောင်းသား ကျောင်းသူ ၁၂၂၆ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၁၁၅၇ ဦးရှိပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ ၆၉ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၇.၃၈ ရာခိုင်နှုန်းရှိကြောင်းနှင့် စာမေးပွဲကို အေးချမ်းသာယာ ချောမွေ့စွာနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူး/လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း၊ အပြင်လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအားမြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည် ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)