တောင်ငူ ဧပြီ ၆
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ အတွဲ (၁) မှ ဘောဂဗေဒဘာသာရပ် နှင့် အတွဲ(၇) မှ ဇီဝဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုမည့် အ.ထ.က (၄) စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူများထံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ပြီး အားဖြည့်အချိုရည်များ တိုက်ကျွေးကာ အားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုး နှင့် အဖွဲ့ဝင်များက အဆိုပါ စာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများ၊ ကျောင်းတာဝန်ခံများနှင့် တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ စောင့်ကြပ်ကြည့်ရှုကြစေလိုကြောင်း ပြောကြားသည်။
တောင်ငူ၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ယနေ့တွင် ဘောဂ ဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ၁၉၀၆ ဦးရှိသည့်အတွက် ဖြေဆိုမှုအရ ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)