အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က သုတပဒေသာစာစောင် အတွဲ(၄၆)၊ အမှတ်(၃)မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်​ရေးစာအုပ်မှ အကြမ်းဖက်မှုပုံစံအမျိုးမျိုးခေါင်းစဉ်၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာက တန်းတူရည်တူ အခွင့်အရေးခေါင်းစဉ်၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးအေးမူက ဥပ​ဒေနှင့် အကူအညီများခေါင်းစဉ်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နွဲ့ယဉ်စိုး ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)