မြင်းမူ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင်း လမ်းမကြီးရှိ လျှပ်စစ်မီးတိုင်များ တွင်တပ် ဆင်အသုံးပြုလျက်ရှိသော ဟောင်းနွမ်း လျက်ရှိသည့် လျှပ်စစ်မီးသီး၊ မီးချောင်း နေရာများတွင် ခေတ်မီသည့် (LED) မီးသီးများဖြင့် အစားထိုး လှဲလည် တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယခုတပ်ဆင်လျက်ရှိသော (LED) မီးလုံး၊ မီးကိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့က ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဝပ်(၅၀)ပါ (LED) မီးလုံးများဖြစ်၍ ပုံမှန်ထက်အလင်းအား ပိုမိုရရှိသည့် အတွက် ညဖက်သွားလာသူများ မြင်နိုင်အား ပိုမိုရရှိနိုင်ပြီး အန္တရာယ်ကင်းစွာသွားလာနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမျိုးအောင်ထံမှ သိရှိရသည်။
ထောက်ပံ့ပေးအပ်သည့် မီးလုံး၊ မီးကိုင်းမှာအစုံ(၅၀)ဖြစ်ပြီး မြင်းမူမြို့ဧရာဝတီမြစ်ရိုးတစ်လျှောက် ကမ်းနားလမ်း (စံပါယ်လမ်း) တွင် တပ်ဆင်ပြီးဖြစ်ကာ ယခုအခါမြို့၏ အဓိက အချက်အခြာ နေရာဖြစ်သည့် မြို့လယ် မိန်းလမ်းမကြီးတစ်လျှောက်တွင် ဆက်လက် တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)