တောင်တွင်းကြီး ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော လက်ပံကွေ့ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် လက်ပံကွေ့ကျေးရွာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လက်ပံကွေ့ကျေးရွာ ကွန်ကရစ်လမ်းသစ်သည် အရှည်ပေ ၆၈၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ခွင့်ပြုငွေကျပ် သိန်းတစ်ရာနှင့် ပြည်သူထည့်၀င်ငွေကျပ် သိန်း(၂၀) စုစုပေါင်း ငွေကျပ်သိန်း (၁၂၀) ကုန်ကျခံ ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသစ် ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာအတွင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း ကျေးရွာ ပြည်သူများထံမှ သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)