မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

 

မော်လိုက် ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားရာနေရာသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သွားရောက်စစ်ဆေး အတည်ပြုခဲ့ရာ ရုံး၏ဝဲဘက် ဝရံတာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်သစ်တောရုံးရှိ ခုံတန်း လျား(၂)လုံး၊ စားပွဲ(၁)လုံး၊ တံခါးမကြီး တံခါး(၂)ချပ်နှင့် မှန်(၃၃)ချပ် ပျက်စီးဆုံးရှုံးခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရုံးပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေ ရှင်းလင်းခဲ့ရာ ရုံးခြံဝင်း အဝင်ပေါက်တံခါးအပြင်ဘက်တွင် လုံးပတ်(၃)လက်မခန့်၊ အရှည်(၄)လက်မခန့် အရွယ်အစားရှိ အစိမ်းရောင်ကော်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး (၁)လုံးအား ထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။  

မော်လိုက်သားလေး