ကျိုက်လတ် စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက စတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိ လေ့လာနိုင်စေရန် ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က) တို့ဖြင့် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် မဲရုံပေါင်း(၂၆၀) ရှိပြီး ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာချိန် ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၂၂၅၇) ဦး ရှိကြောင်း နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာအတွက် (၅) ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄) နေရာအတွက် (၄) ဦး ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) နေရာအတွက် (၅) ဦး ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) နေရာအတွက် (၆) ဦး ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၆) ဦး ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(ရခိုင်တိုင်းရင်းသားလူမျိုး) နေရာအတွက် (၅) ဦး ၊ စုစုပေါင်း (၃၁) ဦး တို့ ဝင်ရာက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရီရီမြင့်(ပြန်/ဆက်)