ရွှေတောင် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင်၂၀၂၂ခုနှစ်မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့်အညီ ရွှေတောင်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေရရှိရန်စုပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကော်မတီများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)