သရက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ အား ယနေ့နံနက် ၁၁ နာရီက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၁၁:၃၀ နာရီတွင် ကျင်းပသည့် ခရိုင် ဆီထွက်သီးနှံ(မိုး၊ ဆောင်း) လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်း အတွင်း ဆီထွက်သီးနှံ လျာထားချက်ပြည့်မီအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်များခွဲဝေထားရာ သရက်ခရိုင်အား တာဝန်ကျသဖြင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အနေဖြင့် ဆီထွက်သီးနှံကို အဓိက ထားစိုက်ပျိုးသည့် တိုင်းတစ်တိုင်းဖြစ်၍ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က တိုင်းဒေသကြီး ဆီထွက်သီးနှံစိုက်ပျိုး ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအတိုင်း မျိုးစေ့စုဆောင်းထားရှိခြင်း၊ တောင်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးခြင်း၊ စတင်စိုက်ပျိုးမည့်အချိန် ကြိုတင်ပြင်ဆင်ခြင်း တို့ကို စိုက်ပျိုးရေးနှင့် မြေစာရင်းညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ၏ တင်ပြဆွေးနွေးမှုများအပေါ် လူမှုရေးရာဝန်ကြီးက ဖြည့်စွက်မှာကြား ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်