မကွေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါသက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေး လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ ထုတ်ပေး

မကွေး ဧပြီ ၅

ကိုဗစ်-၁၉ ရောဂါသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ  မကွေးတိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့်မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယခုအခါတွင် မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ သဘင်၊ ဂီတအဖွဲ့အစည်း (၁၅၇)ခုအား ချေးငွေထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် ချေးငွေထုတ်ယူခွင့် အကြောင်း ကြားလွှာအား သဘင်ပညာရှင်များ လက်ဝယ်အရောက် ပေးအပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖိုးနီတို့က ချေးငွေများထုတ်ပေးခြင်းဖြင့် သဘင်လုပ်ငန်းများအနေဖြင့် တွေ့ကြုံနေရသော အခက်အခဲများအား တစ်ဖက်တစ်လမ်းမှ ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရမည့် အချိန်တွင်လည်း သဘင်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ပေးဆပ်နိုင်ရေး စနစ်တကျကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးမြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်မွန်မွန်အောင်က ချေးငွေများထုတ်ယူရာတွင် လိုအပ် သည့် အထောက်အထားများ၊ လိုက်နာ ရမည့်စည်းကမ်းများနှင့် ချေးငွေများ အချိန်မီ  ပြန်လည် ပေးဆပ် နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ရောဂါ သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသော သဘင်လုပ်ငန်းရှင်(၁၅၇)ခုအား စုစုပေါင်းချေးငွေ ကျပ်သန်း (၈၁၆.၅၀၀)သန်းအား ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)