လောင်းလုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုး ရေးအစီအစဉ်အဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

လောင်းလုံး ဧပြီ ၅

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွား၍ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာကြစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်မေဇင်ဦးက “လူငယ်နဲ့စာရိတ္တ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲဆက်လက်ကျင်းပပြုလုပ်ခဲရာ ကျောင်းသားလူငယ်များက မိမိတို့၏ စာဖတ်စွမ်းရည်များ ယှဉ်ပြိုင်ကြပြီးဖတ်ရှုသည့် အကြောင်းအရာအပေါ် အချင်းချင်းအမြင်၊ အယူအဆများ နှီးနှောဖလှယ်ခဲ့ကြသည်။

ဆက်လက်ပြီး အုပ်စုအလိုက် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု လေ့လာခဲ့ကြောင်းသိရှိရသည်။

လောင်းလုံး(ပြန်/ဆက်)