မြဝတီ ဧပြီ ၅
၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပြီး မဟာသင်္ကြန်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အမှာစကား ပြောကြားရာ သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပွဲတော်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည့် အပြောအဆို အပြုအမူနှင့် ဆောင်ရွက်မှုများမရှိစေရန် အထူးအရေးကြီးပါကြောင်း၊ ထို့အတူ မဟာသင်္ကြန်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးသက်ဆိုင်ရာ ဖွဲ့စည်းပေးထားသည့် ကော်မတီများအလိုက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးစေလို ပါကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရမြင်းသူက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အခမ်းအနားများကျင်းပရေးဆိုင်ရာ များနှင့် သက်ဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား အသီးသီးဆွေးနွေးကြရာ သင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
မြဝတီမြို့၏ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၄)ရပ်ကွက်ရှိ မြစန္ဒီပန်းခြံတွင် တည်ဆောက်သွား မည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်အပါအဝင် ယိမ်းအဖွဲ့များ၊ အဆိုရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)