ဒေးဒရဲ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ ညနေ ၂ နာရီက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင် က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် ရရှိနိုင်ရေး၊ မဲစာရင်းများပြုစုရာ၌ ကျန်ရှိမှုများ မရှိစေရေး၊ မဲစာရင်းများတွင် ကွက်လပ်များ ဖြစ်ပေါ်နေခြင်းအား သေချာစွာ ပြန်လည် စိစစ်၍ စာရင်းပြုစုထားနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန် ထားရှိသည့် ညွှန်ကြားချက်များနှင့် လိုက်နာ ဆောင်ရွက်ကြစေရေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက် လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း၍ စာရင်းပြုစု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ပြန်လည် တင်ပြ ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)