ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆိပ်ဖြူ    စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် လတ်တလော ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာကော်မတီ၏ လှုပ်ရှား ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က မိတ်ဆက် အဖွင့်အမှာ စကားပြောကြားရာတွင် ကော်မတီအဖွဲ့ဝင်များကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားရှိပါ ကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကုစားမှု အစီအစဉ်အနေဖြင့် လူငယ်များ ဦးဆောင်ပြီး သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းသည် အနာဂတ်အတွက်ကောင်းမွန်ပါကြောင်းပြောကြားပြီး မြို့နယ် လူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူး ကိုကျော်စိုးမိုးက မိမိဒေသရှိ စိတ်ဝင် စားသည့်သင်တန်းသား/သူ (၃၀)ဦးကို လက်သန့်ဆေးရည်၊ ဆပ်ပြာရည်၊ ခေါင်း‌လျှော်ရည်နှင့် ဘက်စုံသုံး ဆပ်ပြာ ထုတ်လုပ်မှု အမျိုးအစား (၄)မျိုး သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်း ကုန်ကျစရိတ်ကို ပခုက္ကူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်း ကာလမှာ (၃)ရက်ဖြစ်ပါ ကြောင်းနှင့် သင်တန်းပေးမည့် နေရာကို သင်တန်းသားတက် ရောက်မှုအပေါ်တွင်မူတည်ပြီး နေရာရွေးချယ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လူငယ်ရေးရာကော်မတီဝင်များက သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး လိုအပ်ချက်များနှင့် သိလိုသည့်အကြောင်းအရာများ မေးမြန်း ဆွေးနွေးကြရာ ပြန်လည်ဖြေကြားကြသည်။

သင်တန်းဆရာများအဖြစ် လူငယ်ရေးရာကော်မတီဝင်များက သင်တန်းဆင်း လက်မှတ်ရရှိထားသည့် အဖွဲ့ဝင်များ ကိုယ်တိုင် ပြန်လည်ပြီး အသိပညာမျှဝေသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အကူတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။     

ကိုမျိုး(ယောဧရာ)