ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ်ဖြေဆို

လွိုင်ကော် ဧပြီ ၄

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ နေ့မှစတင် ဖြေဆိုလျက်ရှိရာ (စတုတ္ထနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၃၆၇) ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစောဟူးဟူး၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧပြီလ ၅ ရက်နေ့ အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီလ ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဇီဝဗေဒ / ဘောဂဗေဒ၊ ဧပြီလ ၇ ရက်နေ့ ကြာသပတေး နေ့တွင် ပထဝီဝင်၊ ဧပြီလ ၈ ရက်နေ့ သောကြာနေ့တွင် သမိုင်း ၊  ဧပြီလ ၉ ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာစသည်ဖြင့် ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်း /စည်းကမ်းများနှင့်အညီ နှာခေါင်း စည်းများ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကဒ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ/ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်စာမေးပွဲဖြေဆိုနိုင်ရေး၊ စာမေးပွဲအား အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင် (သိပ္ပံဘာသာတွဲ) စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ (၄၉၃) ဦးအနက် ယနေ့ ဓာတုဗေဒဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား / ကျောင်းသူ ပေါင်း(၃၆၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၁၂၆)ဦး ရှိကြောင်း နှင့် ဖားဆောင်းမြို့နယ်တွင် ကိုဗစ် - 19 ရောဂါလူနာ ဆေးရုံဖြေ(၁)ဦးဖြစ်ပြီး ကယားပြည်နယ်အဖြင့် ယနေ့ စာမေးပွဲဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၄) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)