သနပ်ပင် ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က စွန်ပိကျေးရွာနှင့် ဖရဲကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ စွန်ပိကျေးရွာနှင့် ဖရဲကျေးရွာတို့တွင် EM ဘိုကာရှီ သဘာဝမြေဩဇာမြေဆွေး ပြုလုပ်ခြင်း သရုပ်ပြပွဲနှင့် နေဗီယာမြက်မျိုးများ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမိုး