ရွှေတောင် ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံကြီးမိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မွေးစ(၂)လမှ အသက်တစ်နှစ်ခွဲအထိ ကလေး ငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေး ရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းများကို လဆန်းပိုင်း (၁)ရက်နေ့မှ(၃)ရက်နေ့အထိ လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေး လက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း