ဝေါ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆) လမှ (၉)နှစ်ထိ ကလေး ငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိရာ စတင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီက ဝေါမြို့ ရပ်ကွက်/ ကျေးရွာနှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဆေးတိုက် ကျွေးပြုလုပ်လျက်ရှိသည်။
အဆိုပါ အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစန်းအောင်၊ သားဖွား ဆရာမဒေါ်ချိုမွန်သော်နှင့် ဒေါ်ယုဇနရွှေ တာဝန်ရှိသူ များက နံနက်(၇)နာရီမှ ညနေ (၄)နာရီထိ တိုက်ကျွေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသား ဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေး ခဲ့ကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာများ ပေးခဲ့ ကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းနှင့် အသိပညာပေးခြင်းများကို လစဉ်ပုံမှန်(၁)ရက်နေ့တိုင်း ကျေးလက်ကျန်းမာ ရေးဌာနနှင့် ဌာနခွဲများတွင်လည်း ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ရခြင်းကြောင့် ကလေးငယ်များအား အာဟာရချို့တဲ့မှုကို ကာကွယ် ပေးခြင်း ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုး လာမှာဖြစ်ကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများက အလေးထား ဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ ကြောင်း သိရသည်။
အောင်မြတ်လင်း( ပြန်/ဆက်)