ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ပြင်စလူမြို့နေ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ပြင်စလူ  ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြင်စလူမြို့နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁:၃၀ နာရီအချိန်ခန့်က ပြင်စလူမြို့ဆေးရုံ ရှယ်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်စလူမြို့ဆေးရုံရှယ်တာတွင် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး အခမ်းအနားသို့ ရောက်ရှိကာ  ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ''နာဂစ်မုန်တိုင်းအပြီး ဆိုင်ကလုန်းရှယ်တာများ ဆောက်လုပ်ပေးခဲ့ပြီး ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များ၊ လက်ကမ်းစာစောင်ပါ အချက်များနှင့် ရေဒီယိုများ နားထောင်၍ မုန်တိုင်းအသိပေးချက် အရောင်အဆင့် (၄)ဆင့်ကိုလည်း သိရှိနားလည်ပြီးဖြစ်၍ ယခုလို မိုးကြိုကာလတွင် ဂရုပြုနေထိုင်ရန် လိုအပ် ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြင်စလူမြို့တွင် ဆေးထိုးရန် အနည်းငယ်သာ ကျန်ရှိနေပြီး ကျန်ရှိနေသူများအား ဆေးထိုးရန် နှိုးဆော်ပေးရန် လိုအပ်ကြောင်း၊ အသက် ၁၈ ပြည့်ပြီးပါက မှတ်ပုံတင်ရှိရန် လိုအပ်ပြီး အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တင်ပြစရာများရှိက တင်ပြပေးရန်'' ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြင်စလူမြို့ ဒေခံပြည်သူများနှင့် ဆရာမများက လိုအပ်သည်များကို တင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရှင်းလင်းပြောကြားကြပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က အားကစားသုံးပစ္စည်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ရာ အားကစားကော်မတီနှင့် ကုသရေးဦးစီးဌာနတို့မှ လက်ခံရယူခဲ့ကြပြီး အ.ထ.က ရှယ်တာကျောင်းသို့ သွားရောက်ကာ လှည့်လှည်ကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်စလူမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)