ဘားအံ ဧပြီ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ်၊ ကော့ထော် ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း)ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ကျောက်ချောလမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ကျောက်ချောလမ်းသစ်သည် အရှည်(၃)ဖာလုံသာရှိသော်လည်း ဘားအံ-စက်မှုဇုန်လမ်းနှင့် စက်မှုဇုန်-မွေးမြူရေးဇုန်လမ်းတို့အား ဖြတ်လမ်းသဖွယ်ဖောက်လုပ်ထားခြင်းကြောင့် ဘားအံမြို့မှ ဘိုးဘွားရိပ်သာ၊ စက်မှုဇုန်နှင့် မွေးမြူရေး ဇုန်များသို့ သွားလာရာတွင် (၅)မိုင်ခန့် ခရီးတိုတောင်းသက်သာစေပြီး လမ်းခရီးတွင်ကျယ် မြန်ဆန်လာကြောင်း၊ မွေးမြူရေးဇုန်အဝင်လမ်းကို ၂၀၂၁-၂၀၂၂ ခု (၆)ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေရန်ပုံငွေ ၇၆ ဒသမ ၄ သန်းဖြင့် ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်း(၃)ဖာလုံအား ဆောင်ရွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မွေးမြူဇုန်တွင်လည်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အထွေထွေ ရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် မြေသားလမ်း ၄ မိုင်၊ Box Culvert (၆)စင်း၊ Pipe Culvert (၁၈) စင်း၊ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ၁၀၆ ဒသမ ၀၄၁ သန်းဖြင့် Box Culvert (၁၁)စင်း၊ Pipe Culvert (၁၀) စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြေသားလမ်းအရှည် ၄ မိုင်အနက် အရှည် ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော့ထော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ လက်ရောက်ပေးအပ်ခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို တို့က ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးကာ လမ်းဖွင့်ပွဲတွင် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကဖြင့် လာရောက်ကပြဖျော်ဖြေကြသည့် ယဉ်ကျေးမှုဒုံးအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း)ကျောက်ချောလမ်း မှတစ်ဆင့် မွေးမြူဇုန်သို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်နှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့က မွေးမြူရေးဇုန် ၁၃၇ ဒသမ ၄၆ ဧကပေါ်တွင် အကွက်ပေါင်း ၁၀၆ ကွက်၌ ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေးတောင် သူများအား နေရာချထားပေးမှုနှင့် ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး မွေးမြူရေး တောင်သူများအား အမြန်ဆုံးလုပ်ငန်းများ စတင်ဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက အချိန်မရွေးတင်ပြနိုင်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းအား ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၀ ဖြင့် ၁၀၅ ပေ x ၃၆ ပေ ပွဲကြည့်စင်၊ ဂါလံ ၅၀၀၀ ဆံ့ ရေလှောင်ကန်၊ ၆ ခန်းတွဲ အများသုံးသန့်စင်ခန်း၊ ရေပေးဝေရေးစနစ်၊ စိမ်းလန်းစိုပြေရေးလုပ်ငန်းများဖြင့် အဆင့်မြှင့် တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ မြန်မာ့ ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုနှင့် သီရိကွင်းအတွင်း ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)