မင်းဘူးမြို့တွင် မှုခင်းများလျော့နည်းကျဆင်းစေရေး (Show of force) လှည့်ကင်း ဆောင်ရွက်

မင်းဘူး စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မ ရဲစခန်းအပိုင် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေးတို့အတွက် ယမန်နေ့ ည ၇ နာရီခွဲ အချိန်မှ ည ၉ နာရီခွဲအချိန်ထိ ရဲတပ်ဖွဲ့ယာဉ်တန်းများဖြင့် (Show of force) လှည့်ကင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမင်းသန့် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကြည်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး မောင်မောင်သန်း တို့နှင့်အတူ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၆၀ ဦးတို့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

မင်းဘူးမြို့မ ရဲစခန်းအပိုင် နယ်မြေအတွင်း ခိုး/ဆိုး/လု/နှိုက်အမှုများနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မင်းဘူးခရိုင် ရဲတပ်ဖွဲ့ရုံးမှစတင်၍ လှည့်ကင်းယာဉ်တန်း မော်တော်ယာဉ် (၇)စီးတို့ဖြင့် ရဲတပ်ဖွဲ့အင်အားများ စုပေါင်းပြီး နယ်မြေ ဧရိယာတစ်ခုလုံး ခြုံငုံ၍ မြောက်လှည်းကောက်အဝိုင်းပတ်၊ ကျွဲသိုးမြောင်ကျေးရွာ၊ အ.ထ.က (၂) ကျောင်းရှေ့၊ ဗိုလ်ချုပ်ပန်းခြံ၊ ရုပ်ရှင်ရုံလမ်း၊ အမှတ်(၃)ရပ်ကွက်လမ်းဆုံ၊ လမ်းဆုံ/လမ်းခွများနှင့် လူစည် ကားရာနေရာများတွင်  လှည့်ကင်း၊ ရပ်ကင်းနှင့် ယာဉ်တန်းလှည့်ကင်းများကို ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဆက်လက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မောင်မောင်(မင်းဘူး)