သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေး အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေး ဟောပြော ပွဲကို သက်ဆိုင်ရာဌာနများက  ယနေ့တွင် ကွေ့တက်ကျေးရွာနှင့် လင်းလဲကျေးရွာ တို့တွင် ကျေးရွာ‌ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက် စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်း ပံ့ပိုး ဆောင်ရွက်​ပေးနိုင်ရန် အတွက် ​သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်​ တွေ့ဆုံ​ဆွေး​နွေး​ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိဘပြည်သူများ အ​နေဖြင့် မိမိ​ဒေသဖွံ့ ဖြိုးတိုးတက်​စေ​ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိ​ဒေသဖွံ့ ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်းနှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် အခြားကျေးရွာ (၁၀)ရွာတွင်လည်း အသိပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာဝင့်သူက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် မှုများ၊ သဘာဝမြေဩဇာများရရှိရန်  ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင် မွေးမြူလိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာလိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သဘာဝမြေဩဇာရရှိရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲလုပ်ကိုင်ဖို့လိုကြောင်းနှင့် တိုင်းရင်းကြက် မွေးမြူ ရေးနှင့် ပတ်သတ်၍ အသိပေးဟောပြောပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးအောင်ဝင်းက  စိုက်ပျိုးရေး ကိစ္စရပ် များနှင့် ပတ်သက်၍ မြေ၊ မျိုး၊ ပိုးမွှား ရောဂါနှင့် အာဟာရမြေဩဇာအကြောင်း တို့အားလည်းကောင်း၊ သဲကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးသူက ဌာနလုပ်ငန်း ဆောင်ရွက်ချက်များအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းချိုက မွေးမြူရေးကိစ္စရပ်နှင့် ပတ်သတ်၍ လည်းကောင်း နေပီယာမြက် စိုက်ပျိုးရေးနှင့် ပတ်သတ်၍လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက်ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေး​နွေးတင်ပြခဲ့​ကြောင်းနှင့် စိုက်ပျိုးရေး၊​ မွေးမြူ​ရေး အသိပညာ​ပေး လက်ကမ်းစာ​စောင်များအား ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်