ဖြူးမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာ ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ဖြူး ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး လျာထားမှုမှာ ဧက(၃၀၀)တွင် စိုက်ပျိုးထားနိုင်မှုမှာ ဧက(၃၆၀)ဧကရှိသော်လည်း နေကြာသီးနှံများ ပိုမိုစိုက်ပျိုးရေးအသိပညာ‌ပေးခြင်းများအပြင် မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်ရေးများအတွက် တာဝန်ရှိသူများက ယမန်နေ့၊ နံနက်ပိုင်းကသစ်ချောက်ခင်ကျေးရွာ အုပ်စုနှင့် အမဲခေါင်ကျေးရွာ အုပ်စု တို့တွင် ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖြူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက စားသုံးဆီဖူလုံရေးအတွက် ဆောင်းသီးနှံနေကြာ စိုက်ပျိုးနိုင်ရေး အတွက် ညှိနိုင်းဆွေးနွေးပြီး ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင် ကိုလတ်က စားဆီထွက်ရှိရေးအတွက် တောင်သူများ နေကြာစိုက်ပျိုး နိုင်ရန်ပဲနှင့်ပင်ကြား တန်းကြား စိုက်နိုင်ရေး၊ နေကြာသီးသန့်စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများပေးကာ တောင်သူများအတွက် သဘာဝဓါတ်မြေဩဇာသုံးစွဲရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဖြူးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသကြက်မွေးမြူရေးနှင့် နေဗီယန် မြက်စိုက်ပျိုးရေး၊ ဖြူးမြို့နယ်မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေ နည်းဥဒေများ အကြောင်း၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသအတွင်း သောက်သုံးရေရရှိရေးနှင့် လမ်းများကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ဖြူးမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများချေးနိုင်သည့် အခြေအနေ၊ ဖြူးမြို့နယ်သမဝါယမဦးစီးဌာနမှ    သမချေးငွေများနှင့်ပတ်သက်သည်များကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သော နေကြာအား မတ်ပဲနှင့်တွဲကာ ပင်ကြားတန်းကြား အနေဖြင့် စိုက်ပျိုးမှုမှာ အောင်မြင်မှုရှိကြောင်း ကျားသောင်ကျေးရွာနေ တောင်သူများထံမှသိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)